သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးခြင်းနှင့်ပတ်သက်ပြီး သိထားသင့်သမျှ
ကင်ဆာလို့ ပြောလိုက်ရင် လူတော်တော်များများက ကြောက်လန့်ကြပါတယ်။ ကင်ဆာလို့ဆိုလိုက်ရင် ကုသစရာ နည်းလမ်းကို မရှိတော့ဘူးလို့ပေါ့။ ဒါပေမယ့် ဒီအခြေအနေတွေက ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေနဲ့အတူ ကျန်ရစ်ခဲ့ပါပြီ။ အခုနောက်ပိုင်းကာလတွေမှာ ဆေးပညာတွေ တိုးတက်လာမှုနဲ့အတူ ကင်ဆာကုထုံးတွေ ထွက်ပေါ်လာခဲ့ပြီး ကင်ဆာရှိရင်တောင် သက်တမ်းစေ့စေ့ နေထိုင်နိုင်စေဖို့ ထောက်ကူပေးနိုင်မှာ ဖြစ်သလို ကင်ဆာမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ ဆေးဝါးတွေတောင် ရှိလာခဲ့ပါပြီ။
ဒီလို ကာကွယ်ဆေးတွေ ထိုးတဲ့အထဲမှာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးတာနဲ့ ပတ်သတ်လို့ သိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးသွားပါမယ်။
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးဆိုတာ ဘာလဲ
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို HPV Vaccine လို့ သိကြပါတယ်။ သားအိမ်ခေါင်းကင်ဆာ မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ထိုးပေးလို့ ရပါတယ်။
ဘယ်သူတွေ HPV ကာကွယ်ဆေး ထိုးသင့်လဲ
သုတေသီတွေ အကြံပြုကြတာတော့ အသက် ၁၁ နှစ် ကနေ ၁၂ နှစ်အရွယ်လေးတွေကို ထိုးပေးရမှာပါ။ အသက် ၉ နှစ် ပြည့်ပြီဆိုတာနဲ့ ကာကွယ်ဆေးကို ထိုးလို့ ရပါပြီ။ Human Papillomavirus (HPV) လို့ခေါ်တဲ့ ဗိုင်းရပ်စ် ကူးစက်ခံရတာက အသက်အရွယ်ရလာချိန်မှာ ကင်ဆာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီဗိုင်းရပ်စ် ကူးစက်ခံရတာက သားအိမ်ခေါင်းကင်ဆာ၊ ယောနိကင်ဆာ (မိန်းမကိုယ် ကင်ဆာ) ၊ စအိုကင်ဆာ၊ လိင်အင်္ဂါ ကြွက်နို့တွေကို ဖြစ်စေနိုင်ပါတယ်။
ဒီကာကွယ်ဆေးရဲ့ ပထမဆုံး အကြိမ်ကို အသက် ၉ နှစ် နဲ့ ၁၁ နှစ်အတွင်းမှာ ထိုးပေးရမှာ ဖြစ်ပြီး ဒုတိယအကြိမ်ကိုတော့ ၆ လ ကနေ ၁ နှစ်ခြားပြီး ၁၂ နှစ်အရွယ်မှာ ထိုးပေးရမှာပါ။ အသက် ၁၅ နှစ် မကျော်ခင်မှာ ထိုးပေးရမှာပါ။ မိန်းကလေးတိုင်း ထိုးထားသင့်တာပါ။
အသက် ၂၆ နှစ်အထက် မိန်းကလေးတွေမှာတော့ ကာကွယ်ဆေးက ထိရောက်မှု ကောင်းမယ်လို့ အတည်ပြုပေးထားတာမျိုး မရှိပါဘူး။ အသက်ကြီးမှ ထိုးလေလေ ကာကွယ်ဆေးရဲ့ ထိရောက်နိုင်စွမ်းက နည်းလေလေပါ။
ဘယ်သူတွေ မထိုးသင့်ဘူးလဲ
ဆရာဝန်တွေကတော့ ပြင်းထန်တဲ့ ဓာတ်မတည့်မှု ခံစားရသူတွေမှာ HPV ကာကွယ်ဆေး မထိုးသင့်ဘူးလို့ ဆိုပါတယ်။ ကာကွယ်ဆေးမှာပါတဲ့ ပစ္စည်း တစ်ခုခုနဲ့ ဓာတမတည့်မှုက ပထမအကြိမ် ထိုးစဉ်က အသက်အန္တရာယ် ထိခိုက်စေလောက် တဲ့အထိ ပြင်းထန်ခဲ့မယ်ဆိုရင် မထိုးသင့်ပါဘူး။ နောက်တစ်ချက်က မှိုနဲ့ ဓာတ်မတည့်ရင် မထိုးသင့်ပါဘူး။
ကိုယ်ဝန်ဆောင်ဖြစ်မယ်ဆိုရင် မထိုးသင့်ပါဘူး။
- သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးက ဘယ်ဗိုင်းရပ်စ် အမျိုးအစားတွေကို ကာကွယ်ပေးတာလဲ
၂၀၁၆ ခုနှစ် နှောင်းပိုင်းက ထွက်ပေါ်လာခဲ့တဲ့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးက HPV ဗိုင်းရပ်စ် ၉ မျိုးဖြစ်တဲ့ (6, 11, 16, 18, 31, 33, 45, 52 & 58) တို့ကို ကာကွယ်ပေးနိုင်ပါတယ်။
- ဘယ်လောက်ထိ ကာကွယ်နိုင်စွမ်း ရှိလဲ
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးက တော်တော်လေး ထိရောက်မှု ရှိပါတယ်။ HPV ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ကင်ဆာတွေကို ၉၀ ရာခိုင်နှုန်းကျော်အထိ ကာကွယ်ပေးနိုင်ပါတယ်။ အချိန်ကြာလာချိန်မှာလည်း ကာကွယ်ဆေးရဲ့ ကာကွယ်ပေးနိုင်စွမ်းက ကျသွားတာမျိုး မရှိပါဘူး။
- ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်မလဲ
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကလည်း အခြား ကာကွယ်ဆေးတွေလိုပဲ ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ အများစုကတော့ ကာကွယ်ဆေးကြောင့် ဘေးထွက်ဆိုးကျိုး တစ်စုံတစ်ရာ မခံစားရပေမယ့် အချို့မှာတော့ ဆေးထိုးထားတဲ့နေရာက နာကျင်တာလိုမျိုး မပြောပလောက်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ဖျားချင်သလိုလို ဖြစ်တာ၊ မူးနောက်နောက် ဖြစ်တာ၊ ခေါင်းကိုက်တာ၊ ပင်ပန်းတာ၊ မအီမသာဖြစ်တာ၊ ကြွက်သားနဲ့ အဆစ်တွေ နာကျင်တာမျိုး ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဒီလို ဆေးအရှိန်ကြောင့် ခံစားရတဲ့ လက္ခဏာတွေ မခံစားရစေဖို့အတွက် ဆေးထိုးနေချိန်နဲ့ ဆေးထိုးပြီးချိန်တွေမှာ ၁၅ မိနစ်လောက် သက်တောင့်သက်သာလေး လှဲနေပေးပါ။
မွန်မွန်